မင်းသမီး
“ဟေ့ အမေကြီး မင်းသမီး ကို နဲနဲပြောအုံး။ မင်းသမီး ပေါက်စ ဖြစ်တာနဲ့ ပဲ ဟိုလူနဲ့ လိုက်သွားလိုက်။ ဒီလူက partyရှိလို့ ခေါ်လို့ သွားလိုက်နဲ့ ။ ညည ဆို အိမ်တောင်ပြန်အိပ်သေးရဲ့ လား”
“အော် ကိုကိုကလည်း ဒါက သမီးတို့ အနုပညာ အသိုင်းအ၀ိုင်းဓလေ့ထုံးစံဟာကို..ဒီလောက်လဲပူမနေပါနဲ့ ။ သမီးအသက်က ၂၀တောင်ရှိနေပြီ။နိုင်ငံခြားမှာဆို ၁၆နှစ်နဲ့ တောင်အကုန်လုပ်လို့ ရနေတာ”
“အေး ၂၀ပဲရှိသေးလို့ သတိပေးနေရတာပေါ့။ဒါ နိုင်ငံခြားမဟုတ်ဘူး။ မြန်မာနိုင်ငံ။သမီးက မင်းရဲ့ သမီးဆိုတာလည်းမမေ့နဲ့ အုံး။ ပိုက်ဆံထုတ်တဲ့ စက်မဟုတ်ဘူး။မင့် သမီးက
မင်းသုံးဖို့ သိန်း၅၀ သိန်း ၁၀၀ ပေးလိုက်။ မင်းက မျက်စိမှိုတ်ပြီးသမီးလုပ်ချင်တာလုပ်ခိုင်းနဲ့ ။”
“အော် သမီလေး မင်းသမီးဖြစ်လို့ ခင်တို့ တွေခုလို ဘာမှလုပ်စရာမလိုပဲ အေးအေးဆေးဆေးနေလို့ ရတာပေါ့ ကိုကိုရဲ့ ။ သမီးလုပ်ချင်တာလုပ်ပါစေ။ မင်းသမီးဆိုတော့ အပေါင်းအသင်း အပျော်အပါးတော့အနည်းနဲ့ အများရှိတာပေါ့။”
“ဒါနဲ့  ကိုကို ရေ.. သမီးက ခု အဆိုတော်ဘက်ကိုလိုင်းပြောင်းချင်လို့ တဲ့  အဆိုလေ့ကျင့်နေတယ်။ ဒီနေ့ တောင် သူ့  သူငယ်ချင်းအိမ်မှာ သီချင်းတွေရွေးရမှာမို့ လို့ ပြန်မလာနိုင်ဘူးဆိုပြီး
ဖေကြီးကိုအကြောင်းကြားပေးပါတဲ့ ။ ဘယ်လောက်လိမာတဲ့ သမီးလေးလဲ။ မင်းသမီး အပြင် အဆိုတော်ဖြစ်တော့ပေမယ့် မိဘကို ရိုသေတုန်းပဲ”
“ဟ ဒါလားရိုသေတာ။ သူ အိမ်ပြန်မလာတဲ့ အကြောင်းကို အကြောင်းကြားတာ။ ခွင့်တောင်းနေတာမဟုတ်ဘူး။ ငါက အခုပြန်လာခဲ့လို့  ပြောရင် မင်းသမီးက ဟိုတယ်ကနေ တန်းပြန်လာမယ်မှတ်နေလား”
“ကိုကိုနော် ခင့်သမီးကိုအဲလိုမပြောပါနဲ့ ။ ဟိုတယ် ကိုသွားတယ်ဆိုတာက ပတ်ဝန်းကျင်တိတ်ဆိပ်ပြီး အနုပညာအကြောင်း ဆွေးနွေးတာတို့  သီချင်းတွေဘာတွေတိုက်တာတို့ အတွက်ကောင်းလို့ သွားသွားနေတာ။”
“မင်း ကြပ်ကြပ် အလျှောက်ကောင်းနေ။ မင်းသမီးတော့ အထောင်းခံရဖို့ သေချာနေပြီ”
“မင်းတို့ မိန်းမတွေဟာ ပါးစပ်ကကြွားစရာရှိရင်ပြီးရော။မင့်သမီး မင်းသမီး ဖြစ်တာနဲ့ ဟိုနေရာသွား ကြွား ဒီနေရာသွားကြွား။ ငါတို့ သမီးရှင် အဖေတွေမျက်နှာဆို ဘယ်မှာသွားထားရမှန်းတောင်မသိဘူး။ သူငယ်ချင်းတွေမိတ်ဆုံစားပွဲမှာ တွေ့ ပြီဆိုရင် “ဘယ်သူ့ သမီးကတော့ ဖြင့် နိုင်ငံခြားမှာ ကျောင်းပြီးလို့ အလုပ်လုပ်တာဘယ်လောက်ရှိပြီ.. ဘယ်သူ့ သမီးကတော့ ဖြင့် ဘာညာနဲ့  ငါ့သမီးအကြောင်းပြောရင်.. မင်းသမီးကို ဟိုအပတ်တုန်းကး အင်တာနက်ထဲမှာ ဘယ်သူနဲ့ ဘယ်နေရာ ဓါတ်ပုံရိုက်တာ တွေ့ ရတာနဲ့ ။ မင်းသမီးနဲ့ တွဲနေတဲ့ သူ က အ၇င်က မိန်းမကြီးနဲ့ မပြတ်သေးပဲတွဲနေတာတဲ့ ။ငါက အဖေကွ။မင်းထက်သမီးကိုပိုတောင်ချစ်သေးတယ်။ သမီးနာမည်တွေဒီလောက်ထွက်နေတာကို ဘာမှမပြောတဲ့ မင်းလို အမေမျိုးကို ဘယ်နေ့ သတ်မိမလဲမသိဘူး။”
“ရှင်နော်.. လွန်လာပြီ။ တဆိတ်ရှိ မင်းသမီး မင်းသမီးနဲ့  ရှင်နဲ့ ရပြီးမွေးတာလေ။ ရှင့်သမီးပဲပေါ့။ လာသေးတယ် ။ကျွန်မကို သတ်မယ်လေး ဘာလေးနဲ့ ။ ကျွန်မက ရှင်သတ်မယ့်အထိထိုင်စောင့်နေမလား။ ရှင်နဲ့ ကွာပြီး သမီးနဲ့ အိမ်ပြောင်းနေမယ်။ သမီးကို ကွန်တို တခန်းဝယ်ခိုင်းလိုက်ရုံပဲ။
မိဘတွေပေးစားလို့ သစ်စက်ပိုင်ရှင်ဆိုပြီး အသက်၁၅နှစ်ကွာကို အောင့်သက်သက်နဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ယူလိုက်ရတာ။ ရှင့်တုန်းကလည်း မယားကြီးကိုကွာပြီးကျွန်မကိုယူခဲ့တာပဲ။ခု သမီးက မယားရှိတဲ့ သူနဲ့ တွဲနေတာဘာဖြစ်လဲ။ယူသေးတာမှမဟုတ်တာ။ ရှင့် အတွေးတွေ အောက်နေပြီရှင်။ရှင့်ကိုမယူရင် ခုဆို ကျွန်မမှာ နာမည်ကြီးမင်းသမီးဖြစ်နေပြီသိလား။ ဒီအကြောင်းကိုတွေးတိုင်းရင်ထဲက အတော်လေး နာမိတယ်။”
“မင်း..မင်း.. ဘာပြောတယ်!”
၃လခန့် ကြာသောအခါ..
မင်းသမီးနဲ့ အင်တာဗျူးတခု..
ဗျူး – ခုမင်းသမီးရဲ့  အဖေက ဘုန်းကြီးဝတ်သွားပြီဆို။ ခဏ လားအပြီးဝတ်တာလား။
မင်းသမီး – ဟင်း..ဟင်း.. ဖေဖေက ဘာသာတရားအရမ်းကိုင်းရှိုင်းတာ။ သာသနာ့ဘောင်ထဲကို အပြီးဝင်သွားတာ။ ခု မီးနဲ့ မေမေတို့ က ဖေဖေခု ဘုန်းကြီးဝတ်တဲ့ ကျောင်းနေရာနားမှာ ဘုရားတဆူတည်မလို့ လေ။ ဖခင်ရဲ့  ကျေးဇူးကို မီး အနုပညာလုပ်တဲ့ လုပ်အားခနဲ့ ဆပ်ချင်လို့ ပါ။
ဗျူး- တယ် လိမာ သိတတ်တဲ့ မင်းသမီးပဲဗျာ။ဒီလို အထိန်းအသိမ်းကောင်းမွန်တဲ့ မိခင်နဲ့  ဘာသာတရားကိုင်းရှိုင်းတဲ့ ဖခင်ကြီးတို့ ကို ရတာကလည်း မင်းသမီးလေးအတော်ကံကောင်းတာပဲဗျာ။
မင်းသမီးအမေ- ဟုတ်တာပေါ့ရှင်။ ခုလို အနုပညာအသိုင်းအ၀ိုင်းထဲမှာ ကောလဟာလတွေ အတတ်နိုင်ဆုံး ကင်းနိုင်အောင် ကိုယ့် သမီးလေးနဲ့  အမြဲရှိနေရတာ က မင်းသမီးအမေတိုင်းရဲ့ တာဝန်တခုလို့ အန်တီကတော့ မြင်တာပဲလေ။ဒါကြောင့်လည်း သမီးလေး ဘယ်သွားသွား အန်တီကတော့ အမြဲကြိုးစားပြီးလိုက်တာပါပဲ။ တခါတလေ သူ့ အဖေကြီးတောင် လိုက်သေးတယ်။ ဟင်း…ဟင်း..
မင်းသမီးနှင့် အင်တာဗျူးအပြီး.. မင်းသမီးအိမ်မှအပြန်.. အင်တာဗျူးယာ စိတ်ထဲတွင် မေးခွန်းတခု မေးချင်တာလေးကို အလျင်အမြန် မျို သိပ်လိုက်ရတော့သည်။
တကယ်လို့ သာ မေးချင်တိုင်းမေးဆိုရင်ဖြင့်လေ
“အန်တီ ကမင်းသမီးလေးသွားလေတိုင်းလိုက်တယ်ဆိုတော့ မင်းသမီးလေး သူ့ ချစ်သူနဲ့ ဟိုတယ်သွားလည်း အန်တီ ကသူ တို့ နဲ့ အတူတူအခန်းထဲမှာရှိနေမှာပေါ့နော်။ ဒါပေမယ့် အန်တီ့ ပုံတွေကျတော့ မင်းသမီးလေးနဲ့ အတူ အင်တာနက်ထဲဘာလို့ မပါတာလဲလို့ ….?”